မှိုသောက်ဆမ်းလေး ချက်ရအောင်

ထမင်းမြိန်စေမယ့် မှိုသောက်ဆမ်းလေးကို ပိတ်ရက်မှာ လွယ်လင့်တကူချက်စားနိုင်အောင်လို့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ မှို၊ ငရုတ်သီးစိမ်း၊ ဆား၊ ဆီ၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင် တို့ လိုအပ်ပါမယ်။

ပထမဦးဆုံး မှိုကို ရေဆေးပြီး လှီးဖြတ်ထားပါ။ ပြီးလျှင် နံနံပင်ကို ရေဆေးပြီး စစ်ထားပါ။

ကြက်သွန်နီကို အခွံခွာ ရေဆေးပြီး ပါးပါးလှီးထားပါ။ ပြီးနောက် ကြက်သွန်ဖြူကို အခွံခွာပြီး ရေးဆေး၍ ဓားပြားရိုက်ထားပါ။

ပြီးလျှင် ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက်ထောင်းထားပါ။

ပြီးနောက် ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်ထည့်လိုက်ပါ။

ပြီးရင်တော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို နွမ်းရုံလေး ဆီသတ်ပေးပါ။

ကြက်သွန်များ နွမ်းလာပြီဆိုတာနဲ့ ငရုတ်သီးစိမ်းထောင်းပြီးသားကို ထည့်ကြော်လိုက်ပါ။

ပြီးနောက် ငရုတ်သီးနံ့သင်းလာပြီဆိုလျှင် ဆားနှင့် မှိုကို ထည့်ကြော်လိုက်ပါ။

မှိုများ နွမ်းလာပြီဆိုတာနဲ့ ရေအနည်းငယ်ထည့်၍ ရေဆူအောင် တည်ပေးပါ။

ရေပွက်ပွက်ဆူလာပြီဆိုရင်တော့ ကိုယ်စိတ်ကြိုက် ရေထည့်ကာ အရသာမြည်းကြည့်ပြီး လိုအပ်သလို ပြုပြင်နိုင်ပါတယ်။

ရေပွက်ပွက်ဆူလာပြီး အရသာလဲ အနေတော်ရပြီဆိုရင် နံနံပင် အုပ်ပေး၍ မှိုအစပ်ဟင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်