ဆေးဘဲဥကြော်

ရိုးရိုးလေးနဲ့ အမှတ်မထင် တော်တော်စားကောင်းတဲ့ ဟင်းရံလေးပါ .. အိမ်မှာ ဆေးဘဲဥကို အားလုံးကြိုက်ကြတော့ ခါတိုင်းလို သုပ်မစားပဲ တစ်မျိုးတီထွင် ကြော်ကြည့်တာပါ ..

ကြော်နည်းက လွယ်လွယ်လေးပါ .. ဆေးဘဲဥကို ၄စိတ်စိတ်ပါ .. ဆေးဘဲဥက များသောအားဖြင့် မခဲပဲ အထဲမှာ အနှစ်ရည်ရှိတတ်ပါတယ် .. အဲဒါကြောင့် ၄ စိတ်စိတ်ပြီးတာနဲ့ အကြော်မှုန့် ခင်းထားတဲ့ ပန်းကန်ပြားထဲထည့်ပါ .. အပေါ်ကနေ ဆားလေး နှံ့အောင်ဖြူး , အကြော်မှုန့် ခပ်မြန်မြန်ထပ်ဖြူးပြီး သိပ်သိပ်လေးဖြစ်သွားအောင် လုပ်လိုက်ရင် အနှစ်ရည် စီးမကျတော့ပါဘူး .. အကြော်မှုန့်နဲ့လူးသွား အောင် သေချာ ဖွဖွလေးနယ်ပါ ..

ဆီများများလေး ဆူအောင်တည်ပြီး ဆီပူထဲ အရင်ဆုံး ပျဉ်းတော်သိမ်ရွက်လေး ထည့်ကြော်ပါ .. ပျဉ်းတော်သိမ်လေးတွေ ဆီစစ် ဖယ်လိုက်ပါ .. ရနံ့မွှေးမွှေးလေး ကျန်တဲ့ဆီထဲ ဆေးဘဲဥအစိတ်လေးတွေ ထည့်ကြော်လိုက်ပါ .. ဆီများမှ အပေါ်ယံလေး ကြွပ်ကြွပ်ကလေး ဖြစ်ပါတယ် .. ပြီးမှ ဆီတွေ ပြန်စစ်ပါနော် .. အားလုံးကြော်ပြီးသွားရင် ဆေးဘဲဥလေးတွေ ဆယ်ပြီး ပန်းကန်ထဲထည့်ပါ .. အိုးထဲက ဆီတွေခပ်ဖယ်ပြီး နဲနဲကလေးပဲ ချန်ထားပါ .. အဲဒိထဲ နှမ်းလှော်လေးတွေ ထည့်မွှေကြော်ပါ .. နှမ်းလေးတွေ မတူးအောင် မွှေပြီးတာနဲ့ မီးဖိုပေါ်က အိုးချ , နှမ်းကြော်ကို စစ်ခပ်လိုက်ဖို့ လိုပါတယ် ..

ဆေးဘဲဥကြော်လေးတွေပေါ် ပျဉ်းတော်သိမ်ရွက်ကြော် ကြွပ်ကြွပ်လေးတွေနဲ့ နှမ်းကြော် ကြွပ်ကြွပ်လေးတွေ ဖြူးလိုက်ပါ .. ပျဉ်းတော်သိမ်နေရာမှာ စပါးလင်လေး ထုပြီးကြော်လည်း မွှေးပါတယ်ရှင့် .. မွှေးပျံ့ပြီး အင်မတန် အရသာရှိတဲ့ ဟင်းလေးတစ်ပွဲ ရပါပြီ .. လုပ်စားကြည့်ကြပါဦးနော် ..

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်